Wednesday, April 29, 2009

သူ့အတွက် ဟင်းတစ်မယ်

သူက “ ပဲငပိကြော်စားချင်တယ် ” လို့ပြောတာနဲ့ နှင်းဆီဖြူလည်း လက်စွမ်းပြရတော့မယ်ဆိုပြီး
ဈေးသွား
ပဲငပိ ၃၀ သား
ခရမ်းချဉ်သီး ၁၀ သား
ငရုတ်သီးစိမ်းတွေရယ် ၀ယ်လာခဲ့တယ် ...
အရင်ဆုံး ငရုတ်သီး၁၀ တောင့်ကိုညက်နေအောင်ထောင်းလိုက်တယ်
ပြီးတော့ ကြက်သွန်ဖြူနီလေးတွေကိုညက်နေအောင်ထည့်ထောင်း
ဒယ်အိုးထဲကို ဆီထည့် (ဆီကတော့ နဲနဲပိုထည့်ရတယ် ပဲငပိကအနှစ်များမှစားကောင်းတာဆိုတော့ အနှစ်ကိုများများလေးချက်ဖို့ဆီပိုထည့်ရတာပေါ့ :P )
ဆီပူလာပြီဆိုတော့ ထောင်းထားတဲ့အနှစ်လေးတွေထည့်ပြီး ဆီသတ်တယ်
နဲနဲလေးမွှေးလာပြီဆိုရင် ခရမ်းချဉ်သီးလေးတွေလှီးပြီးထည့် ....
ငံပြာရည်၊အချိုမှုန့်တွေထည့်တယ်...
အနှစ်လေးတွေကြေလာပြီဆိုရင် ပဲငပိကိုထည့်ပြီးမွှေ ....
ခြောက်သွားအောင်တော့ကြော်ရတယ် ဒါမှစားလို့ကောင်းတာ ...
ချခါနီးကျတော့မှ ငရုတ်သီးစိမ်းလေး ၁၀ တောင့်လောက် ထည့်ပေးလိုက်တယ်..
သူစားချင်တဲ့ ဟင်းလေးတခွက် ရသွားတာပေါ့ ....း)
ကိုရီးယားကားထဲမှာတော့ “ အချစ်ဆုံးအတွက် ဟင်းတစ်မယ် ”
နှင်းဆီဖြူအတွက်တော့ “ သူ့အတွက် ဟင်းတစ်မယ် ” ပေါ့နော် ..... :P

Photobucket

Saturday, January 31, 2009

မွေးနေ့မှာဘာတွေလုပ်ဖြစ်လဲ

နှိုးစက်သံကြားမှပဲ အိပ်ယာကနိုးတော့တယ်
နံနက် ၄း၀၀ ထိုးပြီ..
အိပ်ယာမြန်မြန်လေးသိမ်းပြီး မျက်နှာသစ်..
ဘုရားရှိခိုးဖို့ အကျီ်လဲ..
ပြီးတော့ ဘုရားပန်းတွေလဲတယ် ကိုယ့်ရဲ့မွေးနေ့ဆိုတော့စိတ်ထဲမှာပျော်ရွှင်ပြီးတော့တက်ကြွနေတယ်...
ဘုရားပန်းတွေ သောက်တော်ရေချမ်းတွေလဲပီးတော့ ဆီမီးတွေ၊အမွှေးတိုင်တွေ ပူဇော်တယ်..
ယာဂုဆွမ်းကပ်တယ် ..ပြီးတော့ ငါးပါးသီလယူ ၊ဘုရားဂုဏ်တော်တွေရွတ်ဖတ်ပူဇော်ပြီးတော့ဘုရားရှိခိုး..
ပရိတ်ကြီး (၁၁)သုတ်၊ပဋ္ဌာန်းဒေသနာတွေ ကိုရွတ်ဖတ်ပြီးတော့ ဘုရားကိုပူဇော်တယ်.....၇း၀၀ ထိုးလောက်မှာပဲဘုရားရှိခိုးလို့ပြီးသွားတယ်
(၂၃)နှစ်ဆိုတဲ့အရွယ်ထိရောက်အောင်ကျွေးမွေးပြုစုခဲ့တဲ့နှင်းဆီဖြူရဲ့ဖေဖေနဲ့မေမေကိုကန်တော့တယ်...
နောက်တော့
မနက်တိုင်းအိမ်ရှေ့ကိုလာတတ်တဲ့ ခိုကလေးတွေကိုလည်း အစာကျွေးရသေး....း)
အချစ်တော်ပူစီကောင်လေးကိုလည်း သူကြိုက်တဲ့အီကြာကွေးဝယ်ကျွေးလိုက်တယ် ..း)
ဒီကောင်တော်တော်အစားပုတ်တယ် ^_*

ရွှေတိဂုံဘုရားကိုလည်း .... နဲ့တူတူသွားဖြစ်တယ် ...း)
ပြီးတော့ တရုတ်တန်းဘက်မှာ မုန့်သွားစားတယ် .....
ရုံးကဆရာတွေနဲ့ခင်မင်တဲ့မိတ်ဆွေသူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးဖြစ်တယ်....
.... ဆီကမွေးနေ့လက်ဆောင်ရတယ် .. very happy :D
Photobucket
မွေးနေ့ကတော့ ရိုးရှင်းစွာနဲ့ပဲ ပြီးဆုံးသွားပါပြီ ...
..ပျော်ရွှင်မှုတွေနဲ့အတူအသက်တစ်နှစ်ကြီးသွားရပြန်ပီပေါ့ ...း)

Thursday, January 29, 2009

The last day of 22years

တစ်ရက်ပြီးတစ်ရက်...
တစ်လပြီးတစ်လ...
ရက်တွေနဲ့လတွေပေါင်းပြီးတော့ တစ်နှစ်ပြည့်သွားပြန်ပီ....
အော်...မနက်ဖြန်ဆို အသက်တစ်နှစ်ကြီးရတော့မှာပါလား...
အချိန်တွေက ကုန်တာမြန်လိုက်တာနော်...
ဖြစ်နိုင်မယ်ဆိုရင် ..အသက်မကြီးချင်သေးဘူး
အသက်ကြီးလာတာနဲ့အမျှ...စဉ်းစားဆင်ခြင်ရတာတွေပူပင်ရတာတွေ ဘာတွေမှန်းကိုမသိဘူး..
စိုင်းထီးဆိုင်ရဲ့သီချင်းလိုပဲ ..အပူပင်ကင်းတဲ့ကလေးလေးဘ၀ကိုတခါပြန်ပီးရချင်သေးတယ် ...း)
အသက်တနှစ်သာကြိးလာတယ် ဘာမှမလုပ်ရသေးသလိုပဲခံစားရတယ်..
ဒီလိုနဲ့ပဲ ၂၂ကိုကျော်ဖြတ်ရတော့မှာပေါ့...
Photobucket
၁၉၈၆ ခုနှစ်ရဲ့ဒီလိုချိန်ဆို နှင်းဆီဖြူကိုမွေးဖွားတော့မယ့် မေမေရဲ့ပုံရိပ်ကိုစိတ်ကူးနဲ့မြင်ယောင်နေမိပါတယ်
မေမေ စိုးရိမ်ပြီးတော့ ကြောက်နေမှာပဲနော်...
အခုလို သမီးကို ကျန်းကျန်းမာမာ ကိုယ်လက်အဂီါပြည့်ပြည့်စုံစုံနဲ့(ချောမောလှပတဲ့ .. :P)ညဏ်ရည်မှီတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် မွေးဖွားပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်...
Photobucket
ကဲ ..၂၂နှစ်ရဲ့နောက်ဆုံးနေ့လေးကိုနုတ်ဆက်ပါတယ်...
Welcome to 23years !
ံHAPPY BIRTHDAY WHITEROSE .........
Photobucket

Wednesday, January 14, 2009

သစ်သားဇလုံလေး

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊
လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက
လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့
ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ
အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။
ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့
အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့်
ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။
ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး
စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု
လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့
အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို
ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို
ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ
စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ
တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့
စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ်
သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့
သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း
အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့
မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို
မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို
ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို
လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။
တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့
သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ
လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့
အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့
အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့
သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး
အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။
စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ
အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့
စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့
မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို
တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို
တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့
ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို
ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက်
အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား
မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့
လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို
တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။
အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို
လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ
လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ
နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ
မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊
သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော
နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ
မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့
ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို
ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန်
ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ
ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည်
ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ်
ဝဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို
ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင်
စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက်
တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို
ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင်
အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက
တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ
တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။
တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။
ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ
မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
"သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ"

(လောကမှာ အစားထိုးလို့မရနိုင်တဲ့အရာ၊ပြန်မရနိုင်တဲ့အရာ (၂)ခု ရှိပါတယ်
အဲဒါက မိဘရယ် အချိန်ရယ်ပါ..
နှင်းဆီဖြူရဲ့ဘလော့ကိုလာလည်ကြတဲ့ သူငယ်ချင်းတွေလည်း အဲဒီပြန်မရနိုင်တော့တဲ့အရာ နှစ်ခုကို တန်ဖိုးထားနိုင်ကြပါစေ ….)

Friday, January 9, 2009

အဘိုးသို့

9.1.2009..
နှင်းဆီဖြူတို့အဘိုးဆုံးတာ (၄)နှစ်ပြည့်တဲ့နေ့ပေါ့
အဘိုးဟာ သူ့မွေးနေ့မရောက်ခင် (၁)ရက်အလိုမှာ ဆုံးပါးသွားတာပါ
မနက်ဖြန်မှာ အဘိုးရှိနေဦးမယ်ဆိုရင် အသက် (၉၀)ပြည့်တဲ့ မွေးနေ့ကိုအဘိုးချစ်တဲ့အဘွားရယ်သားတွေသမီးတွေမြေးမြစ်တွေနဲ့
ပျော်နေရဦးမှာပေါ့နော် .....
အော် ..ခုတော့ ...
အဘိုးရေ.....
မနက်ဖြန်ဆိုအဘိုးအတွက်ရည်စူးပြီး
ဘုန်းဘုန်းတွေကို သင်္ဃန်းကပ်မယ် ..
အာရုံဆွမ်းကပ်မယ်..
ကုသိုလ်ကောင်းမှုတွေလုပ်ပေးမယ်..
အဘိုးရောက်ရာ ဘုံဘ၀က သာဓုခေါ်ပါနော်....
အဘိုးကမသိနိုင်တော့ပေမယ့် အဘိုးကိုအမြဲသတိရနေတဲ့သူတွေရှိနေတယ်နော်.....
(အဘိုး(၄)နှစ်ပြည့်အမှတ်တရ)

Thursday, January 8, 2009

ဘ၀အတွက်အရေးပါတဲ့အသေးအဖွဲလေးများ

ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...
ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...

အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေ ကျနော် ပေးဖို့ ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...

ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...

နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...
နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...
မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....
ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...

ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...
ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...

သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...

ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....
နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...
တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...
သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...
ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...
ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...

သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...
မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...

'I'll carry you out every morning until death do us apart'

ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ...

ဒီပိုစ့်လေးက နှင်းဆီဖြူရဲ့ အမတစ်ယောက်အီးမေးလ်ပို့ပေးထားတာပါ ..
အီးမေးလ်ပို့ပေးတဲ့ မသီတာကိုလည်း ကျေးဇူးတင်ပါတယ် ..း)

Sunday, January 4, 2009

Independence Day


ဒီနေ့ဟာ(၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ပါ
အားလုံးပဲလွတ်လပ်ရေးနေ့မှာ ..
လွတ်လွတ်လပ်လပ်နဲ့နေနိုင်ကြပါစေ..
( နှင်းဆီဖြူလို လွတ်လပ်ရေးနေ့မှာ မနားရဘဲရုံးတက်ရခြင်းမှ ကင်းဝေးကြပါစေ .. ဟိဟိ :P )

LUCKY *2009*


2009 မှာ အားလုံးပျော်ရွင်ကြပါစေ .....